Friday, September 04, 2009

လောဘစိတ်ကလေး ၃၆၀...

ဟဲလို...၊ မင်္ဂလာပါ။

စာမရေးဖြစ်တာ နည်းနည်းကြာသွားတော့ ကျနော့်ဘလော့ဂ်ကတောင် ကျနော့်ကို ပြန်မှတ်မိပါ့မလားဘဲ။ ပြာတာတာအကြည့်တွေနဲ့ ကြိုဆို စိုက်ကြည့်နေလေရဲ့...။

ဒီလိုပါ၊ အခုတလောက အလုပ်အကိုင်နဲ့ပတ်သက်ရင် ကျနော့်အတွက်က ဘယ်လိုဖြစ်နေလဲဆိုတော့ ဒီနိုင်ငံက ဆောင်းဦးပေါက်ရာသီ အပင်တွေပေါ်က သစ်ရွက်လေးတွေလိုပဲ...။ ကြွေလုလုလေးနဲ့ လေတိုက်လိုက်တိုင်း အလန့်တကြား တဖျတ်ဖျတ်လူးခါ ယိမ်းနွဲ့နေရတဲ့ဘ၀။ အရောင်အဆင်းလေးကတော့ ၀ါတာတာလေးဆိုတော့ အဝေးကနေကြည့်ရင်တော့ တယ်လှ၊ ဒါပေမယ့် ဘယ်တော့ ကြွေမလဲဆိုတာ မသိတဲ့အဖြစ်။

လေးနှစ်နီးပါးလောက် တောက်လျှောက်လုပ်လာတဲ့ အလုပ်က မအိုကေတော့လို့ နောက်ထပ် အလုပ်တခု ထပ်ရှာလို့ အဆင်ပြေမယ်မှ မကြံသေးဘူး၊ အဲဒီအလုပ်ကလဲ အလုပ်အော်ဒါတွေလာတာ နှေးကွေးတော်မူတာနဲ့ နောက်ထပ် အလုပ်တခုကို ဖုတ်ပူမီးတိုက် ပြန်ရှာရနဲ့ ကျနော်နဲ့အလုပ်က စိန်ပြေးတမ်းကစားနေရသလားတောင် မှတ်ရတယ်။ အခုလဲ နောက်ထပ် အလုပ် အသစ်စက်စက်တခုမှာ လာမယ့်အပတ်ကစပြီး ညဆိုင်းအလုပ်ဆင်းဖို့ ကြံစည်ထားတာပဲ။ သူလဲ ဘယ်လိုလာမယ်တော့ မသိ။

ဒါကတော့ ကျနော့်ရဲ့ လက်ရှိအခြေနေ... ... ...။

***

အလုပ်လုပ်နိုင်တဲ့ လူတယောက်၊ အလုပ်လုပ်ချင်တဲ့ လူတယောက်အတွက် အလုပ်လက်မဲ့ ဖြစ်နေရတဲ့ အခြေအနေကြီးက သိပ်တော့ နှစ်သက်စရာကောင်းလှတဲ့ အခြေအနေတော့ မဟုတ်လှဘူး။ ဒါပေမယ့် `ငါအဆင်မပြေဘူးဟေ့´ လို့ ညည်းတွားနေရုံနဲ့တော့ ဘာမှထူးလာမှာ မဟုတ်တော့ ဒီလိုပဲ လှုပ်ရှားရုန်းကန်လေသတည်းပေါ့။

အလုပ်က သိပ်အဆင်မပြေတော့ စာရေးဖို့လဲ အတွေးက သိပ်မအိုကေတော့ဘူး။ (တကယ်က အပျင်းထူသွားတာလဲ ပါပါတယ်) ဒါနဲ့ပဲ ယောင်ချာချာနဲ့ တရက်မှာတော့ အွန်လိုင်းဂိမ်းဆိုဒ်တခုနဲ့ နပန်းလုံးမိပါလေရော။

ကျနော်က ဟိုးအသက် ခပ်ငယ်ငယ်ကတည်းက Chess ကစားရတာကို ၀ါသနာပါပါတယ်။ ခပ်ကြွားကြွားလေး ပြောရရင်တော့ ကရင်ပြည်နယ်အဆင့် လူငယ် ခုံဆု ရဖူးတယ်။ ဟဲဟဲ။ (အခု မတွေ့တာကြာပီဖြစ်ပြီး ကျနော့်ပို့စ်တွေကို ရယ်သောသောနဲ့ စနောက်ဖူးတဲ့ ဘော်ဒါတယောက်ကို အဲဒီလို သွားကြွားမိတော့ `ခညားက ပြည်နယ်အဆင့်တဲ့လား´ ဆိုပြီး ပုံစံပေးကစားသွားတာကို ခွက်ခွက်လန်အောင် ရှုံးဖူးတယ်) :D

ဒါနဲ့ပဲ အလုပ်လက်မဲ့ ကျနော်တယောက် အွန်လိုင်းပေါ်မှာ Chess ကစားဖြစ်ရော ဆိုပါတော့... ... ...။

***



ကျနော်သွားကစားဖြစ်တဲ့ နေရာမှာက Chess ကစားသူတွေကို ပထမစစခြင်းမှာ Chips ၅၀ နဲ့ Ranking 1500 အဖြစ် စသတ်မှတ်ပေးပါတယ်။ တကယ်လို့ နိုင်ပွဲများရင် များသလို Rank တွေကို တိုးပေးတယ်။ Chips တွေကတော့ ကစားသူ အချင်းချင်း လောင်းကြေးအနေနဲ့ သဘောရှိ ကစားဖို့ သတ်မှတ်ပေးထားတာပါ။ လူတွေရဲ့ စိတ်သဘောကို နားလည်ထားလို့လားတော့ မသိ...။ အဲဒီ Chips တွေကို တကယ့်ပိုက်ဆံနဲ့လဲ ရောင်းပေးပါတယ်။ ဥပမာ...၊ Chips ၅၀၀ လောက်ကို နှစ်ဒေါ်လာနှုန်းနဲ့ စသဖြင့် အဲလိုလေးတွေပါ။




ဒီလိုနဲ့ ပြည်နယ်လူငယ် ချန်ပလုံဟောင်း ကျနော်လဲ အွန်လိုင်းပေါ်က နိုင်မယ်ထင်လောက်တဲ့ လူတွေနဲ့ချည်း စိန်ခေါ်ကစားရင်းနဲ့ Chips တွေ နည်းနည်းတိုးလာတယ်။ အဲဒီလိုနဲ့... ... ...။

***

အဲဒီလူက သူတင်ထားတဲ့ သူ့ဓာတ်ပုံအရ ခန့်မှန်းရရင်တော့ အသက်က ၄၀ ၀န်းကျင်လောက် ရှိမယ်ထင်ရဲ့၊ ကိုလံဘီယာကတဲ့။ သူ့ရဲ့ Ranking ကလဲ 2000 ကျော်ဆိုတော့ တပွဲနိုင်မှ အလွန်ဆုံး Rank အမှတ် ၁၀ မှတ်ကျော်တိုးတဲ့အတွက် နိုင်ပွဲတွေ မနည်ဘူးရထားတဲ့ သဘောပေါ့။ ကျနော်တို့ နှစ်ယောက် စစခြင်း ကစားတော့ 5 Chips ကြေး ကစားတယ်။

ပထမ စစခြင်းမှာ 5 Chips ကြေး ကစားပေမယ့် လေးငါးဆယ်ကွက်လောက် အပြန်အလှန်ရွှေ့ပြီးချိန်မှာတော့ သူ့ဘက်ကနေ အသာစီးနည်းနည်းရလာရော သူက 100 Chips ကြေး စိန်ခေါ်လာတယ်။ ကျနော်ကလဲ အဲဒီ Chips တွေကို ဒီလောက် အလေးမထားတော့ ကစားစေသတည်းပေါ့...။

ဒီလိုနဲ့ ဆက်ကစားလိုက်တာ တဖြည်းဖြည်းနဲ့ ကျနော် ရှုံးလုလု အခြေအနေကို ရောက်လာပြီး သူ့ဘက်က ပါဝါတွေက ကျနော့်ရဲ့ ဘုရင်ကို မိဖို့အတွက် ပိုအားကောင်းလာတယ်။

ဒါပေမယ့်... ... ...။

***

တခါမှာတော့ အမှတ်မထင် ဆိုသလိုပဲ သူ သတိတချက် လစ်သွားတယ်။ ကျနော့်ရဲ့ မြင်းက သူ့ ဘုရင်မနဲ့ ဘုရင်ကို ခွချက်နဲ့ မိသွားတော့ သူ့ဘုရင်မ အလကားသက်သက် ကျသွားတာ ပွဲအလှည့်အပြောင်းက ကျနော် နိုင်ဖို့လုံးဝနီးပါး အဖြေပြောင်းသွားတယ်။

အဲဒီလူဟာ သူစောစောက နိုင်ဖို့ သေချာတယ်လို့ သူထင်ခဲ့တုန်းက လောင်းကြေး Chips ကို အဆမတန်တိုးပြီး စိန်ခေါ်ခဲ့ပေမယ့် သူရှုံးတော့မယ့် အခြေအနေကိုလဲ ကြုံရော ကျနော့်ဘက်ကနေ ရွှေ့ကွက်တွေ ကောင်းကောင်းဆက်ရွှေ့လို့ မရအောင် ကောင်းကောင်းကြီး အနှောက်အယှက်ပေးပါတော့တယ်။ Game ကို Pause မကြာခဏလုပ်တာ၊ Cancel လုပ်ဖို့ အကြိမ်တရာလောက် ဆက်တိုက် တောင်းဆိုတာတွေ၊ လောင်းကြေးကို 0 Chips လုပ်ဖို့ မကြာခဏတောင်းဆိုပြီး ပွဲကို မကြာကြာအောင် အချိန်ဆွဲတာ၊ ကျနော် စိတ်တိုလာအောင် အနှောက်အယှက်ပေးတာတွေကို ဆက်တိုက်ကို လုပ်တော့တာပါပဲ။

ကျနော်ကလဲ ဒီလိုနည်းနဲ့တော့ အရှုံးမပေးချင်တာနဲ့ နှစ်နာရီကျော်လောက်အထိ ကြာအောင် ဒီလူ့ကို စိတ်ရှည်လက်ရှည်နဲ့ကို မရအရ နိုင်အောင် ကစားတော့ နောက်ဆုံးမှာ သူ လုံးဝ အရှုံးမပေးချင်ဘဲ လက်လျှော့လိုက်ရပါတယ်။ အဲဒီမှာ သူက ကျနော်ကို Chat Box ကနေ F... နဲ့ အစပြုတဲ့ စကားနဲ့ ဆဲပြီး ထွက်သွားတော့တယ်။

***

လူ့ရဲ့စိတ်ဟာ အင်မတန် အံ့သြဖို့ကောင်းပါတယ်။ `ငါသေချာပေါက် နိုင်တော့မယ်´ လို့ ထင်ထားရာကနေ အရှုံးကို မထင်မှတ်ဘဲ ရင်ဆိုင်လိုက်ရချိန်မှာ သူ့အနေနဲ့ ဒါကို လက်မခံနိုင်ဘဲဖြစ်ပြီး တုံ့ပြန်တဲ့ တုံ့ပြန်မှုဟာ မယုံနိုင်စရာ ကောင်းလောက်အောင်ကို သဘောထား သေးသိမ်လွန်းလှတာကို တအံ့တသြ ဖြစ်မိတယ်။

သူကတော့ နောက်ဆုံး ဘယ်လိုမှ လုပ်လို့မရတော့လို့ ကျနော့်ကို F... လို့ ဆဲဆိုပြီး ထွက်သွားပေမယ့် ကျနော့်မှာတော့ သူ့ကို စိတ်ဆိုးရမယ့်အစား အတွေးတွေ တထွေးကြီးနဲ့ ကျန်ခဲ့တယ်။

ဒီလူ ဘယ်လိုပါလိမ့်...။ Chips တွေ မဆုံးရှုံးချင်တာလား၊ ဒါမှမဟုတ် သတ်မှတ်ထားတဲ့ Ranking က ပွဲရှုံးသွားရင် အမှတ်လျော့မှာကို မလိုချင်တာလား။ ဒါတွေက သူ့အတွက် တော်တော်များ အရေးကြီးနေခဲ့တာလား။ ဒါဖြင့် သူအခုရထားတဲ့ Ranking ဆိုတာကရော သန့်ရှင်းစွာ ကစားပြီး အနိုင်ယူခဲ့တာတွေရော ဟုတ်ပါ့တော့မလား။ အခု သူ ငါ့ကို ဆဲသွားတယ် ဆိုတာကရော `မျက်နှာမှ မမြင်ရတာ ဘာအရေးစိုက်ဖို့ လိုတာမှတ်လို့´ ဆိုတဲ့ သဘောလား။

တကယ်ဆို အွန်လိုင်းပေါ်မှာ သတ်မှတ်ပေးထားတဲ့ အဲဒီ Chips တွေ Ranking တွေဟာ သူ့ဘ၀ကို ဘာတခုမှ ထိခိုက်သွားစေတာ၊ လျော့ပါးသွားစေတာ မဟုတ်ပါလျက်နဲ့ ဒီလိုနေရာမျိုးလေးမှာတောင် ဒီလောက်ကြီး ဆိုးဝါးတဲ့ စိတ်ကိုထားနေတာ ဘာပါလိမ့်။

***

တကယ်တော့ တွေးလိုက်ရင်တော့ အရှည်ကြီးပါ။ ဒီလိုလူမျိုးဟာ ဒီလောက် အွန်လိုင်းဂိမ်းလေးမှာတောင် ညစ်ပတ်တဲ့ စိတ်ထားရှိနေရင် အပြင်က လက်တွေ့ဘ၀မှာလဲ သူ့စိတ်ထားကြီးဟာ ညစ်ထေးနေမှာ အမှန်ပေါ့။ အတ္တတွေ၊ အနိုင်ဆိုတာပဲ လိုချင်ပြီး အရှုံးကို လက်မခံချင်တဲ့ စိတ်ထားကြီးပေါ့။ ဘာပေါ့ ညာပေါ့နဲ့ လျှောက်တွေးလိုက်တာ ဟိုလူတော့ လမ်းသွားရင်း ခလုတ်တောင် တိုက်မိမလားဘဲ။

ကျနော်ကျတော့ရော...။

ကျနော်လဲ ဘာထူးသေးလဲ။ အခုတောင် အဲဒီလူလုပ်တာကို မခံချင်ဖြစ်တဲ့ မသိစိတ်ကနေ စေ့ဆော်တဲ့ အတ္တက ဒီစာကို ရေးဖြစ်နေပြီလေ။

***

ဆိုင်မဆိုင်တော့ မသိဘူး။ အခု ဒီစာကို ရေးနေရင်းနဲ့ နွဲ့ယဉ်ဝင်းရဲ့ သီချင်းတပုဒ်ကို ဖွင့်နားထောင်မိနေရင်း ဖြစ်နေတာ သီချင်းနာမည်က `ဒေါသစိတ်ကလေး ၃၆၀´ တဲ့...။

အင်း..။

ကျနော့် ဇာတ်လိုက်ကျော် ကိုလံဘီယာသားကြီးကတော့ `လောဘစိတ်ကလေး ၃၆၀´ နဲ့ ကျနော့်ကို Chess တပွဲကစားပေးသွားတာဆိုရင် မှားမလားမသိ။

***

ကလိုစေးထူး

Tuesday, August 04, 2009

သူ့အသံထွက်... ကိုယ့်အသံထွက်

ကျနော့် အလုပ်ထဲမှာက အလုပ်သမားဆိုလို့ ကျနော်ပါ အပါအ၀င်မှ သုံးယောက်ထဲ။ ကျနော်က မြန်မာ၊ ကျန်တဲ့ နှစ်ယောက်က မက္ကဆီကန် လင်မယားပါ။ တခါတော့ စကားလက်ဆုံ ပြောကြရင်းနဲ့ အဲဒီ မက္ကဆီကန် သူငယ်ချင်းက ကျနော့်ကို ပြောတာ...

`ဒါနဲ့၊ မင်း ငါတို့ နိုင်ငံကို ခေါ်တာ ဘယ်လို?´
`မက္ကဆီကိုလေ´

ဟုတ်လဲ ဟုတ်တာပဲဟာ၊ Mexico လို့ စာလုံးပေါင်းတာပဲဟာ၊ အသံထွက်ကလဲ မက္ကဆီကိုပဲ ဖြစ်ရမှာပေါ့။ ဒါက ကျနော့်ဘာသာကျနော် စိတ်ထဲ တွေးနေတဲ့ အတွေး။ ဒါပေမယ့် သူက...

`မက်ဟီကို ပါကွာ၊ လိုက်ဆိုကြည့်၊ မက်...ဟီ...ကို´

နည်းနည်းတော့ အူတူတူလို ဖြစ်သွားပေမယ့် သူက အဲဒီနိုင်ငံသားကိုး၊ သူခေါ်တာက ပိုမှန်မှာပေါ့။ ဒါတောင် ကျနော် အထွန့် ပြန်တက်လိုက်ပါသေးတယ်။

`မင်းကလဲ၊ အမေရိကန်တွေလဲ မက္ကဆီကို လို့ခေါ်နေတာပဲဟာ´

သူငယ်ချင်းကတော့ ဘာမှပြန်မပြောပါဘူး။ ခပ်ပြုံးပြုံးပဲ နေလိုက်ပြီး အသာပြန်ငြိမ်နေပါတော့တယ်။

***

ဒီအသံထွက်ကိစ္စက အခုတခါထဲ မဟုတ်ပါဘူး။ ဟိုးတခါတုန်းကလဲ သူနဲ့ကျနော် ဘောလုံးအကြောင်းတွေ ပြောကြရင်းနဲ့ ဂန္ထ၀င် ဘရာဇီး ဘောလုံးသမားကြီးတယောက်ဖြစ်တဲ့ Pele ကို ကျနော်က `ပီလီ´ လို့ခေါ်တာကို သူက `ပီလီ မဟုတ်ပါဘူး၊ ပဲလဲ ပါကွာ´ လို့ ပြောဖူးပါသေးတယ်။ ကိုယ်က ဘယ်သိမလဲလေ၊ တချိန်လုံး ပီလီပဲ ခေါ်လာတဲ့ ကိစ္စ၊ သူနဲ့တွေ့မှ ပဲလဲ ဆိုတော့လဲ ပဲလဲလိုက်ရတာပါ။ တကယ်တော့လဲ ပဲလဲ ဆိုတဲ့ အခေါ်ကမှ အမှန်ပါ။ ကျနော်တို့ကသာ ပီလီ လို့ တချိန်လုံး နှုတ်ကျိုးနေလာကြတာပါ။

ဒါပေမယ့် ကပ်သပ်ပြောကြစမ်း ဆိုရင်တော့ နာမည်တွေကို ခေါ်တဲ့ နေရာမှာ သူတို့လဲ မြန်မာနာမည်တွေကို ခေါ်တာ ပီတာမှတ်လို့ လို့ ပြန်ပြောစရာတော့ ရှိတာပေါ့။ တခါတလေဆို တချို့ နိုင်ငံခြားသတင်းဌာနတွေမှာဆို မောင်အေးကို မောင်အိုင်၊ မောင်အိုင်လို့ ခေါ်ခေါ်နေတာ ကြားရတာ ရယ်ချင်စရာကြီး။ ဒီထက်ပိုဆိုးတာကတော့ မြန်မာဘောလုံး အသင်းနဲ့ တခြားနိုင်ငံအသင်း ကစားတဲ့အခါ နိုင်ငံခြားလိုင်းက လွှင့်တာကို ကြည့်ရရင်တော့လား၊ ရန်ပိုင်လဲ `ရန်ပိန်´ ဖြစ်လိုဖြစ်၊ အောင်အောင်ဦး လဲ `အောင်အောင်အိုး´ ဖြစ်တဲ့အခါဖြစ်နဲ့။

အပြင်မှာရော ကြည့်ဦးမလား။ ကျနော့်မိတ်ဆွေအကို တယောက်ရဲ့ နာမည်က ကိုလှငြိမ်း...တဲ့။ အင်္ဂလိပ်လို ပေါင်းတော့ Hla Nyein ပေါ့။ အဲဒါကို ဒီက အမေရိကန်တယောက် ဖတ်တာ `ဟလှ နယိန်း´ တဲ့။

ဖြစ်ရလေ။

***

ဒီတော့ လူနာမည်တွေကိုတော့ ကိုယ့်မူရင်းနိုင်ငံက လူတွေသာ အပီဆုံးခေါ်နိုင်မှာမို့ တခြားနိုင်ငံသားအနေနဲ့ အသံထွက် မပီနိုင်တာက အဆန်းမဟုတ်တော့သလို ဖြစ်နေပေမယ့် ကျနော် အပေါ်မှာ `မက်ဟီကို´ လို့ ခေါ်ရမှာကို `မက္ကဆီကို´ လို့ မှားခေါ်မိတာထက် ပိုဆိုးနေတဲ့ ကျနော်တို့တွေရဲ့ နိုင်ငံ အခေါ်အဝေါ်တွေ အကြောင်းကို ဆက်စပ် တွေးမိပါတယ်။

Uruguay ဆိုတဲ့ နိုင်ငံကို ကျနော်တို့ ပထ၀ီထဲမှာ သင်ရတော့ မြန်မာစာလုံးနဲ့ အသံဖလှယ်ရေးထားတာက ဥရုဂွေးတဲ့။ တချိန်လုံး တဥရုထဲ ဥရုဂွေးနေလိုက်တာ နောက်တော့ ဘယ်ဟုတ်မလဲ၊ တကယ့်အခေါ်အဝေါ် အမှန်က `ယူရဂွိုင်´ တဲ့။ ဒီလိုပါပဲ၊ `ပါရာဂွိုင်´ လို့ အသံထွက်ရမယ့် Paraguay နိုင်ငံကိုလဲ ကျနော်တို့က အားရပါးရကြီးကို `ပါရာဂွေး´ ပစ်လိုက်ကြတယ်။ တာရ်ကီ လို့ ခေါ်သင့်တဲ့ Turkey ကို တူရကီ၊ ရပ်ရှားလို့ ခေါ်သင့်တဲ့ Russia ကို ရုရှ ဆိုတာတွေ အပြင် အသံထွက်အမှားတွေနဲ့ မြန်မာစာလုံးဖလှယ်ရေးထားတဲ့ နိုင်ငံတွေ မနည်းလှဘူး။

နိုင်ငံကိုတင် မှားယွင်း ခေါ်တာလား ဆိုတော့ မဟုတ်သေးပါဘူး။ တိုက်ကြီးများမှာဆိုရင်လဲ တကမ္ဘာလုံးက `ယူရုတ်ပ်´ ခေါ်ပေမယ့် ကျနော်တို့ကတော့ `ဥရောပ´ တဲ့။ `အေးရှား´ ကိုလဲ အာရှတဲ့။

ကျနော့် တဦးတည်း အထင်ကတော့ အဲဒီလို ကျနော်တို့ အသံထွက်တွေ မှားခေါ်နေတာတွေဟာ ကျောင်းသုံး ပထ၀ီစာအုပ်ထဲက မြန်မာသံ ဖလှယ်ရေးထားတာတွေရဲ့ လက်ချက်က အဓိကများ ဖြစ်နေမလားပါပဲ။ အဲဒီလို အသံထွက် အမှားတွေနဲ့ မြန်မာသံ ဖလှယ်ထားတော့ ကျနော်တို့လဲ ဒီအတိုင်းသင်ကြ၊ လိုက်ခေါ်ကြနဲ့ နှုတ်တွေကို ကျိုးလို့။ နောက်ဆုံးပြောရရင်တော့ အသံထွက် အမှန်ကို သိနေရင်တောင် English ကို အင်းဂလစ်ရှ်လို့ ခေါ်ရမှာထက် အင်္ဂလိပ် လို့ပဲ အားရပါးရ ခေါ်လို့ကောင်းနေတုန်းပါပဲ။

ဖြစ်နိုင်မယ် ဆိုရင်တော့ အဲဒီ ကျောင်းသုံးစာအုပ်ထဲက မြန်မာအသံထွက် ဖလှယ်ရေးထားတဲ့ အမှားတွေကို အနီးစပ်ဆုံး အမှန်တွေအဖြစ် ပြန်ပြင်ရေးလိုက်တာက ပိုကောင်းမယ်လို့ မဖြစ်ညစ်ကျယ် ဉာဏ်လေးနဲ့ တွေးမိတယ်။

***

ပြောလို့သာ ပြောတာ၊ လက်ရှိ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းတယောက် မြန်မာနိုင်ငံကို လာတဲ့ အခါတွေတုန်းကလဲ မြန်မာပြည်သူတွေကို သူခေါ်တဲ့ အခေါ်အဝေါ်အဆန်းကို ကြားလိုက်ရသေးတယ်။ `မြန်းမိစ်´ တဲ့။ Myanmar က နိုင်ငံ၊ ဒီတော့ မြန်မာနိုင်ငံသားဆိုရင် Myanmese လို့ ခေါ်သင့်တယ်လို့ နားလည်သလားတော့ မပြောတတ်ပါဘူး။ Burma, Burmese နဲ့ Myanmar ကို ကောင်းကောင်း ရောသမမွှေပစ်လိုက်ပုံရတယ်။

သူတို့ကလဲ သူ့အသံထွက်၊ ကျနော်တို့ကလဲ ကိုယ့်အသံထွက်နဲ့ကိုယ် လို့ပဲ ပြောရမယ် ထင်ပါရဲ့။

ဘယ်လိုပဲဖြစ်ဖြစ်ပါ။ ကိုယ့်အသံထွက်တွေက ပီနေတော့ ပိုမကောင်းဘူးလား...။

***

ကလိုစေးထူး

Wednesday, July 29, 2009

အလင်းည ကုသိုလ်...

`မိုးကုတ် ဆရာတော်ကြီး ကြွလာမယ်လို့ အီးမေးလ်ရတယ်ဗျ´

ဆရာတော် အရှင်ပရမ ရဲ့ တုံးတိကြီး မိန့်ချလိုက်တဲ့ အထက်ပါစကားကြောင့် ၀တ်ပြုရှိခိုးနေတဲ့ ဒကာ၊ ဒကာမတွေ အားလုံး ခေါင်းထောင် နားစွင့်လိုက်ကြတယ်။ ဆရာတော်ကပဲ...

`သူက ဟိုဘက်က ပြည်နယ်ကို ကြွဖို့ရှိတာ၊ အဲဒါ ကျုပ်ကပဲ ဒီကို ၀င်ပြီး တရားတော်ချီးမြှင့်ပေးဖို့ ဖိတ်လိုက်တာပဲ´
`ဒါဖြင့် ဒီကို ဘယ်နေ့ကြွလာမှာလဲ ဘုရား´
`လာမယ့် အင်္ဂါနေ့လို့ ပြောတာပဲ´
`ဟာ...၊ ဒါဆိုရင်တော့ တပည့်တော်တို့ အမြန်စီစဉ် ပြင်ဆင်ထားရမှာပေါ့ ဘုရား´

ဒီလိုနဲ့ပဲ `ပညာရာမ´ ဆိုတဲ့ မည်ကာမတ္တ ဘုန်းကြီးကျောင်း အသစ်စက်စက်လေးရဲ့ ဒကာ၊ ဒကာမတွေ နောက်တနေ့ တနင်္ဂနွေနေ့မှာ ချက်ချင်း အစည်းအဝေးခေါ်၊ စီစဉ်စရာ ရှိတာတွေ တက်သုတ်ရိုက် စီစဉ်ကြရတယ်။

***

တကယ်တော့ ကျနော်နေထိုင်ရာ ပြည်နယ်မှာ အရင်က မြန်မာဘုန်းတော်ကြီးကျောင်း မရှိခဲ့သေးပါဘူး။ ရောက်လာကြတဲ့ မြန်မာမိသားစု အသိုင်းအ၀ိုင်း နည်းပါးတာကြောင့် ဘုန်းတော်ကြီးကျောင်း ဖြစ်မြောက် လာဖို့လောက်အထိ အသိုင်းအ၀ိုင်း မကျယ်ပြန့်ခဲ့သေးတာက အဓိကအချက်ပါ။

ကံအားလျော်စွာနဲ့ပဲ လွန်ခဲ့တဲ့ လေးငါးလခန့်က ဒီပြည်နယ်ကို ရောက်လာတဲ့ အရှင်သူမြတ်နှစ်ပါးကို ဦးထိပ်တင် ပူဇော်လို့ ဒကာ၊ဒကာမတွေက နည်းများမဆို လှူကြတန်းကြရင်းတဲ့အတွက် ဗုဒ္ဓမြတ်စွာ သာသာနာတော် ထွန်းလင်းစေဖို့ နိမိတ်ဆောင်တဲ့ အနေနဲ့ `ပညာရာမ´ ဆိုတဲ့ ဘုန်းတော်ကြီး ကျောင်းတကျောင်းဖြစ်မြောက်လာခဲ့တယ် ဆိုပါတော့...။

အခုတော့ ဘုန်းကြီးကျောင်းရှိရုံတင် မက တရားဒေသနာတော် နာယူခွင့်ရလာဦးမယ့် အခွင့်အရေးမို့၊ အလုပ်အားရက် ဖြစ်ခြင်း မဖြစ်ခြင်းတွေ ဘေးချိတ်လို့ ကိုယ်တတ်နိုင်တဲ့ အစွမ်းကနေ ကျနော်တို့တတွေ ပါဝင်ပြင်ဆင်ကြလေရဲ့။

***



ကျနော်တို့မြို့ကို အခု ကြွလာတဲ့ ဆရာတော်ကတော့ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ကျွဲဆည်ကန်အရပ်၊ မိုးကုတ် ၀ိပဿနာ၊ မင်္ဂလာရိပ်သာ တရားတော်ပြန့်ပွားရေး ဌာနချုပ်ရဲ့ ပဓာန နာယက ကမ္မဋ္ဌာန်း နည်းပြချုပ်ဆရာတော် နိုင်ငံတော် ကမ္မဋ္ဌာနာစရိယ၊ မဟာကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တဣန္ဒက ဖြစ်ပါတယ်။

ဆရာတော်ဟာ သိမှု၊ပွားမှု တရားတော်၊ ပဋိစ္စသမုပ္ပါဒ် တရားအရသာများ တရားတော်၊ တဏှာအလိမ်မိပုံ တရားတော်၊ သာသနာတော်၏အနှစ် တရားတော်၊ သရဏဂုံသုံးပါး တရားတော်နဲ့ Vipassana Meditation ကျမ်း (အင်္ဂလိပ်+မြန်မာ) အစရှိတဲ့ ကျမ်းဂန်တို့ကို ပြုစုရေးသားခဲ့ပြီး ပြည်တွင်းပြည်ပ သာသနာပြုလုပ်ငန်းပေါင်း များစွာကို တစိုက်မတ်မတ် ဆောင်ရွက်နေသူ သာသနာ့ အာဇာနည်တပါးဖြစ်ကြောင်း သိရှိရပါတယ်။

***

ရွှေပြည်ကြီးမှာတုန်းကတော့ မေမေက ခေါ်လို့ တခါတလေ ရောက်ဖြစ်ဖူးတဲ့ တရားပွဲတွေမှာ ရှေ့က ဘုန်းကြီးတိုင်ပေးတာ လိုက်ဆိုလိုက်၊ တခြားသူတွေက `တင်ပါ့ဘုရား´ ဆိုရင် ကိုယ်ကလဲ တင်ပါ့ဘုရား လိုက်ပြောလိုက်နဲ့သာ တရားနာဖူးတယ်သာ ရှိတယ်။ ဆရာတော်တွေ ဟောကြားခဲ့တဲ့ ပါဠိဒေသနာတော်တွေကို ပျင်းရိလှစွာနဲ့ပဲ နာယူခဲ့ဖူးတယ်။ ကုသိုလ်ရခဲ့ မရခဲ့တော့ မသိပါဘူး။ မရခဲ့ဖို့ကသာ များမယ် ထင်ပါရဲ့။

အခု ကြွလာတဲ့ ဆရာတော် ဘဒ္ဒန္တဣန္ဒက ကတော့ တရားပွဲတပွဲကို တရားနာပရိသတ်ရင်ထဲ အချိန်ကာလတိုအတွင်းမှာ ဆရာတော် ပေးချင်တဲ့ မက်ဆေ့ကို ထိထိမိမိ ပေးသွားနိုင်တဲ့ ဆရာတော်ပါပဲ။ `ဗုဒ္ဓဘာသာဝင်´ ဆိုတဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်နဲ့ ဓမ္မက္ခန္ဓာပေါင်း ၈၄၀၀၀ အကြောင်း အကျဉ်းကနေ အစပြုဟောကြားရင်း မိမိခန္ဓာကိုယ်က ပေးတဲ့ ဒုက္ခကို မမေ့မလျော့ ဆင်ခြင်အပ်ဖို့၊ သတိတရားလက်ကိုင်ထားလို့ ငြိမ်းချမ်းရာ ရမယ့် အကြောင်းတွေကို ပရိသတ် ညည်းငွေ့မှု စိုးစဉ်းမျှ မရှိအောင် အမေးအဖြေ အသောအနှောနဲ့ ဟောကြားသွားတာဟာ အချိန်ကုန်လို့ ကုန်မှန်းတောင် မသိလိုက်ပါဘူး။

ကြွားလိုက်ပါဦးမယ်။ ကျနော် ကလိုစေးထူး ကြိုးစားပမ်းစားနဲ့ စီစဉ်ခဲ့တဲ့ အုန်းပွဲ၊ ငှက်ပျောပွဲကို ဆရာတော်က တခုတ်တရနဲ့ ထုတ်ဖော် ချီးကျူးလို့ မျက်နှာကြီး စပ်ဖြီးဖြီးနဲ့ ကျေနပ်ခဲ့ရပါသေးတယ်။ ရှားတောင့်ရှားပါး အုန်းသီးစိမ်းကို မရရအောင် ရှာကြံဝယ်ပြီး အညှာတံမကျိုးရလေအောင် ဂရုတစိုက်နဲ့ သပ်သပ်ရပ်ရပ် ပြင်ဆင်ပေးခဲ့ကျိုးကို ဆရာတော့် ချီးကျူးစကားက ပင်ပန်းရကျိုးနပ်စေခဲ့တယ် ပြောရမလားပါပဲ။

တရားပွဲစတော့ ဘယ်လိုက ဘယ်လို ရှေ့ဆုံးမှာ ထိုင်မိတယ်လဲ မသိ၊ ဖြစ်ချင်တော့ ဆရာတော်နဲ့ အနီးဆုံးနေရာမှာ ထိုင်မိလျက်သား ဖြစ်နေတော့ `တင်ပါ့ ဘုရား´ `မှန်ပါ့ ဘုရား´ နဲ့ အလိုက်သင့် လျှောက်နေတာ ဆရာတော်က ကြာတော့ သတိထားမိတယ် ထင်ပါရဲ့။ `ဒကာလေးနာမည် ဘယ်သူတုန်း´ လို့ မေးပြီး တခုခုဆို `ဟုတ်သလား ဒကာလေး´ `မှန်ရဲ့လားကွဲ့ ဒကာလေး´ ဆိုပြီး နာမည်တပ်တပ် မေးတော့တာကို ပြန်လျှောက်ရတာ ဘာလိုလိုနဲ့ တရားနာခံ ဖြစ်သွားတယ်။ :D

ဒီနေ့ည တရားပွဲမှာ ကျနော် အနှစ်သက်မိဆုံး အယူအဆရေးရာနဲ့ ဆိုင်တဲ့ ဆရာတော်ရဲ့ ဟောကြားချက်ကတော့ `ကျဉ်းမြောင်းတဲ့ ခံယူချက်´ နဲ့ပတ်သက်တဲ့ ဟောပြောမှုပါ။ ဘာသာတရား မတူသောသူတွေသည်လဲ သတိတရား လက်ကိုင်ထားပြီး ဒေါသ၊ လောဘ၊ မောဟတွေကို ပယ်ဖျောက်နေနိုင်ရင် ငြိမ်းချမ်းမှုကို ရနေတာ ဖြစ်တယ်ဆိုတဲ့ အယူအဆကို လက်ခံနှစ်သက်မိပါတယ်။

***

တရားပွဲပြီးတော့ ညဥ့်နက်လုတောင် ရှိနေပါပြီ။ ဒီလူတွေပဲ ရှိတာဆိုတော့ ဒီလူတွေပဲ သိမ်းဆည်း၊ ဆရာတော်နားမှာ မေးလျှောက်ချင်တာလေးတွေ လျှောက်သူက လျှောက်။ နောက်တော့ အသီးသီးလမ်းခွဲကြလို့။

တကယ်တော့ ကျနော်တို့အတွက် အလုပ်တွေများတာကို အကြောင်းပြပြီး တရားကို မေ့လျော့နေရာကနေ တရားထူးနာခွင့်က ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့တဲ့ ကုသိုလ်ထူးညတည မဟုတ်ပါလား။

ဒီတော့ ဒီညကို အလင်းညကုသိုလ်... လို့တောင် တင်စားလိုက်ချင်ပါရဲ့။

***


ကလိုစေးထူး

Saturday, July 25, 2009

ပြိုင်ဘက်နဲ့ ရန်သူ...

ကျနော်က First-11 ဂျာနယ်တွေရဲ့ ပရိသတ်တယောက်ဆိုတော့ အပတ်စဉ် ထွက်သမျှ Eleven ဂျာနယ် လေးမျိုးစလုံးကို ပုံမှန်ဖတ်ဖြစ်နေကျပါ။

ပြီးခဲ့တဲ့နှစ်ကပေါ့...။

တရက်မှာတော့ အပတ်စဉ်ထုတ် အားကစား ဂျာနယ် အသစ်ကို သွားဖတ်ရင်းနဲ့ အားကစားဆောင်းပါးရှင် ဆရာကြီး ခင်မောင်ထွေး(ပျဉ်းမနား) ရေးတဲ့ `ပြိုင်ဘက်ဟာ ရန်သူမဟုတ်´ ဆိုတဲ့ ဆောင်းပါးကို သွားဖတ်မိတယ်။

ဆရာကတော့ ဘောလုံးအားကစားနဲ့ သက်ဆိုင်တဲ့ ဆောင်းပါးတွေသာ အရေးများသူမို့ အဲဒီဆောင်းပါးမှာလဲ ဘောလုံးအားကစားနဲ့ ဆက်နွယ်တဲ့ အကြောင်းအရာကိုသာ အခြေပြုရေးခဲ့တာပါပဲ။ အဲဒီတုန်းက ဆရာရေးခဲ့တာက အင်္ဂလန် ပရီးမီးယားလိဂ် ချဲလ်ဆီးအသင်းရဲ့ နည်းပြ စကိုလာရီကို ထုတ်ပယ်ပစ်လိုက်တာကို မန်ချက်စတာ ယူနိုက်တက် နည်းပြ ဆာအဲလက်စ်ဖာဂူဆန်က မဖြစ်သင့်တဲ့ အကြောင်း နည်းပြအချင်းချင်း ဖေးမတဲ့စကား ပြောပေးခဲ့တာကို ချီးကျူးပြီးတော့ အခြေခံရေးခဲ့တယ်လို့ မှတ်မိတယ်။ နောက်တော့ အင်္ဂလန် ပရီးမီးယားလိဂ်မှာ ချဲလ်ဆီး ကလပ်အသင်းမှာ ကစားတဲ့ လမ်းပတ်၊ လီဗာပူမှာ ကစားတဲ့ စတီဖင်ဂျာရတ်နဲ့ မန်ယူမှာကစားတဲ့ ရူနီတို့ဟာ သူတို့ကလပ်အသင်း အချင်းချင်း တွေ့ဆုံကစားကြတဲ့ အခါ အသည်းပေါက်မတတ် ပြင်းပြင်းထန်ထန် ယှဉ်ပြိုင်ကစားလေ့ ရှိပေမယ့် အင်္ဂလန်လက်ရွေးစင် အသင်းအတွက် ကစားရပြီဆိုရင်တော့ စည်းလုံးညီညွှတ်လှစွာနဲ့ပဲ နိုင်ငံအသင်းရလဒ်ကောင်းဖို့ အားတက်သရော အတူတကွ ကစားကြတာကို ဆရာရေးခဲ့တာကို ဖတ်ခဲ့ရပါတယ်။

အဲဒါတွေကို ဥပမာပေးလို့ ဆရာ ရေးသွားတာရဲ့ အနှစ်ချုပ်က `ပြိုင်ဘက်ဟာ ရန်သူ မဟုတ်ဘူး´ ဆိုတဲ့ အယူအဆပါ။

***

နိုင်ငံရေးနဲ့ ဆက်စပ်တဲ့ အကြောင်းအရာတွေကို ရေးကြတဲ့ အခါမှာပဲဖြစ်ဖြစ်၊ အတွေ့အကြုံကို အခြေခံတဲ့ စာတွေကိုပဲ ဖြစ်ဖြစ် ဒီဘက်ဟိုဘက် မီဒီယာတွေမှာ အသောင်းသောင်း အပြောင်းပြောင်း ရေးကြတဲ့အခါမှာ `ရန်သူ´ `ရန်သူ့ကို´ `ရန်သူ့လူ´ စသဖြင့် သုံးနှုန်းရေးသားတာတွေကို မကြာခဏဆိုသလို တွေ့မိဖတ်မိကြမှာပါပဲ။

အဲဒီလို သုံးနှုန်းရေးသားတဲ့ `ရန်သူ´ ဆိုတဲ့ စကားလုံးကိုတွေ့တော့ ကျနော် စဉ်းစားမိတာက ရန်သူဆိုတာက ဘယ်သူတွေကို ကျနော်တို့ သတ်မှတ်မှာလဲ၊ ကျနော်တို့နဲ့ မတူသူလား၊ ကျနော်တို့နဲ့ မတူတဲ့လူတိုင်းကရော ကျနော်တို့ရဲ့ တကယ့်ရန်သူပဲလား ဆိုတာတွေကို ဆက်စပ်တွေးတောမိပြန်တယ်။

ဒါမှမဟုတ် ကျနော်တို့ဟာ ပြိုင်ဘက်ကို ရန်သူလို့ သတ်မှတ်မိနေတာလား။ တကယ့်ရန်သူကိုရော ပြိုင်ဘက်လို့ သတ်မှတ်မိနေပြန်တာလား ဆိုတာကလဲ စဉ်းစားစရာ...။

***

သေချာစေ့ငုံအောင် စဉ်းစားလိုက်ရင်တော့ `ပြိုင်ဘက်´ ဆိုတာဟာ လုံးဝရန်သူ မဟုတ်ပါဘူး။ မတူတဲ့အမြင်ကိုယ်စီနဲ့ စွမ်းဆောင်ရည် ကိုယ်စီ ရှိလို့သာ လျှောက်နေတဲ့ လမ်းကြောင်း ကွဲပြားချင် ကွဲပြားနေပါစေ၊ ရည်ရွယ်ရာ ပန်းတိုင် တူနေတယ်ဆိုရင် ကျနော်တို့နဲ့ မတူသူ တဘက်လူဟာ ပြိုင်ဘက်ပဲ ဖြစ်သင့်ပါတယ်။

ပြိုင်ဘက်တွေမှာလဲ ပုံစံအမျိုးမျိုး ရှိနေပြန်ပါသေးတယ်။ စောစောက ရေးခဲ့တဲ့ ဘောလုံးစကားအရ ဆက်စပ်ပြောရရင် ချဲလ်ဆီးနဲ့ မန်ယူ မတူတဲ့ ကလပ်နှစ်ခုမှာတုန်းက အသည်းပေါက်အောင် ယှဉ်ပြိုင်ခဲ့ကြတဲ့ ကစားသမားတွေဟာ နိုင်ငံလက်ရွေးစင်အတွက် အတူတူ ကစားရရင်တော့ ချဲလ်ဆီးတို့ မန်ယူတို့မှာ ကစားတုန်းက ထားခဲ့တဲ့ စိတ်ဓာတ်တွေကို မေ့ဖျောက်ပြီးတော့ မိမိနိုင်ငံအသင်း အောင်မြင်ဖို့အတွက် စည်းလုံးဖို့ စိတ်ထားက ရှိရပါတော့မယ်။

ဒီတော့ စွဲကိုင်ထားတဲ့ အယူအဆ၊ ပါဝင်နေတဲ့ အဖွဲ့အစည်း မတူဘူးဆိုတာ တခုထဲနဲ့တော့ ကိုယ်နဲ့ ဆန့်ကျင်ဘက်ကို ကျနော်တို့တွေ `ရန်သူ´ လို့ မသတ်မှတ်စကောင်းဘူးလို့ တွေးစရာ ရှိပါတယ်။

သို့သော်...။

***

ချဲလ်ဆီးနဲ့ မန်ယူအသင်းတွေမှာ တဘက်စီ ကစားတုန်းကလဲ ဒီလူတွေဟာ ရန်တစောင်စောင်နဲ့ ကစားခဲ့ပြီးပြီ။ နိုင်ငံတကာ အသင်းအတွက် ကစားရတဲ့ အခါကျတော့လဲ `ဒီကောင်၊ ငါနဲ့ ကလပ်ခြင်းတူတာ မဟုတ်ဘူး၊ အခု တသင်းထဲကစားတုန်း ဒီကောင့်ကို ပုံစံပေးရမယ်´ ဆိုတဲ့ စိတ်ထားမျိုးကို ဆက်သယ်သွားရင်တော့ နိုင်ငံအသင်းအတွက်ပါ သွားထိခိုက်ပါတော့မယ်။

အဲဒီကနေ ဆက်စပ်ပြီး တွေးကြည့်ချင်ပါတယ်။

နိုင်ငံတခုအတွက် စစ်တပ်ဆိုတာ ရှိအပ်၊ ရှိသင့်တဲ့ အဆင်တန်ဆာ တခုဖြစ်တဲ့အတွက် နိုင်ငံနဲ့ ပြည်သူအပေါ် ကာကွယ်ဖို့ အလို့ငှာ နိုင်ငံတိုင်းမှာ စစ်တပ်တွေ ရှိကြရတယ်။ စစ်တပ်တွေရဲ့ တာဝန်ဟာ သူ့ပြည်သူကို ကာကွယ်ဖို့နဲ့ နိုင်ငံကို စောင့်ရှောက်ဖို့ပါ။ ဒီတော့ ကိုယ့်ပြည်သူတွေနဲ့ နိုင်ငံအပေါ်ကို ကာကွယ်နေရိုးမှန်ရင်တော့ ဒီစစ်တပ်ဟာ သူ့ကို ဆန့်ကျင်နေတဲ့ အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တွေအတွက် ရန်သူ ဖြစ်လာစရာ မရှိပါဘူး။ မတူတဲ့ အမြင်တွေရှိလို့သာ ဆန့်ကျင်နေရမယ်၊ သူတို့ကို ပြိုင်ဘက်လို့ သတ်မှတ်ယုံသာ ရှိပါတယ်။

ဒါပေမယ့် ကိုယ့်ပြည်သူ ကိုယ်သတ်ပြီး နိုင်ငံတခုလုံးကို ငါ့သား၊ ငါ့သမီး၊ ငါ့ဆွေမျိုး၊ ငါ့မိဘ ဆိုတဲ့ `ငလေးလုံး´ အတွက်ကိုပဲ ရည်ရွယ်ထားတဲ့ စစ်တပ်မျိုးကိုကျတော့ ပြိုင်ဘက်လို့ သတ်မှတ်ဖို့က အတော်ခက်ပါတယ်။ အဲဒီလို လမ်းစဉ်မျိုးကို ယုံကြည်သက်ဝင်နေတဲ့ စစ်ယူနီဖောင်းဝတ်မှန်သမျှဟာလဲ ကျနော်တို့အတွက်တော့ ရန်သူသာ ဖြစ်လာမှာပါပဲ။

ဟော...၊ ဒီမိုကရေစီကို ယုံကြည်သက်ဝင်ပါတယ်လို့ တွင်တွင်ပြောပြီးတော့ မိမိယုံကြည်တဲ့ဝါဒအတိုင်း ဖြစ်လာအောင် ကိုယ်တိုင်က ကြိုးစားရမယ့်အပြင် ကိုယ့်လို ယုံကြည်သူတွေ ပိုများလာအောင်၊ ဒီမိုကရေစီဝါဒကို အခြေခံပြီး တိုင်းပြည်အကျိုးရှိမယ့် အရာတွေကို ဦးစားပေး မစဉ်းစားဘဲ ကိုယ်ကျိုး တခုထဲကိုသာ ကြည့်တဲ့လူတွေ၊ အဖွဲ့အစည်းမျိုးတွေကို ကျတော့ပြန်တော့လဲ ဘောလုံးစကားပြောရရင် တသင်းထဲ ကစားနေရင်တောင် အသင်းကစားဖော်လို့ သတ်မှတ်ဖို့ ခက်သလို အသင်းမတူရင်လဲ ပြိုင်ဘက် မဖြစ်လာနိုင်ပြန်ပါဘူး။

***

`ခင်ဗျား ကျနော့်ကို ရန်သူ တယောက်လို သတ်မှတ်တယ် မဟုတ်လား´

ဒီစကားကို ကျနော်လုံးဝ မနှစ်သက်ပြီး အရင်ကရော အခုအချိန်ထိ ဆန့်ကျင်နေဆဲ မြန်မာစစ်တပ်ရဲ့ စစ်ဗိုလ်တယောက်က မေးခဲ့ဖူးတယ်။ `ရန်သူလို့ သတ်မှတ်ရမယ့် အရာတွေကို ခင်ဗျားလုပ်နေရင်တော့ ရန်သူပေါ့ဗျာ´ လို့ပဲ ပြန်ဖြေဖြစ်ခဲ့ပါတယ်။

ရန်သူလို့ သတ်မှတ်ရမယ့် အရာတွေက ဘာတွေလဲလို့ မေးစရာ ရှိလာပြန်ပါလိမ့်မယ်။

ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြပြီး ကိုယ့်ကိုလဲ ဘာမှပြန်မလုပ်နိုင်တဲ့ ကိုယ့်တူသားအရွယ် ကျောင်းသားလေးရဲ့ ကျောကုန်းကို ဗြန်းခနဲနေအောင် ၀ါးရင်းတုတ်နဲ့ ရိုက်ချပစ်လိုက်တဲ့ လူမျိုး၊ ငြိမ်းချမ်းစေလိုတဲ့ ဆန္ဒနဲ့ လူဝတ်ကြောင်ဖြစ်တဲ့ ကိုယ့်ကို ပြန်လည်ဦးချရှိခိုးနေတဲ့ ဘုရားသားတော် သံဃာတွေကို ရိုက်နှက်ဝံ့တဲ့ လူမျိုးဟာ ကျနော်တို့အတွက် ပြိုင်ဘက်ဖြစ်လာစရာ အကြောင်း မရှိပါဘူး။ အဲဒီလို စိတ်ထားမျိုးနဲ့ လူမျိုးတွေဟာ ဟိုးးအောက်လက်ငယ်သားကနေ အကြီးဆုံး ခေါင်းဆောင်ပိုင်းအထိ ရန်သူပါပဲ။

ဝတ်ထားတာက စစ်ယူနီဖောင်း ဖြစ်နေပေမယ့် သူ့အတွေးထဲမှာ ကိုယ့်ပြည်သူ ကိုယ့်နိုင်ငံအတွက် အကျိုး တကယ်ရှိမယ့် အရာတွေကို ဦးစားပေးစဉ်းစားပြီး တကယ်လဲ လက်တွေ့လုပ်နေတဲ့ လူဟာတော့ အမြင်မတူလို့ ပြိုင်ဘက်ဖြစ်နေတာကလွဲရင် ရန်သူလို့ သတ်မှတ်စရာ အကြောင်းမရှိဘူးလို့ မြင်မိပါတယ်။ တကယ်ဆို ကျနော်တို့တွေဟာ ရန်သူကို ရန်သူလို တကယ်ကိုပဲ ခွဲခြားသိမြင်တတ်ဖို့ ဆင်ခြင်ပိုင်းခြားသင့်ပါတယ်။ ကိုယ်နဲ့ မတူတဲ့ မြင်မြင်ကရာကို `ရန်သူဟေ့´ ဆိုပြီး လက်ညိုးထိုးလိုက်ရင် အားလုံးအတွက် အကျိုးရှိမယ့် ပြိုင်ဘက်ကောင်းကို ဆုံးရှုံးသွားနိုင်ပါတယ်။

ဒီထက်ပိုပြီး တွေးကြည့်ပါမယ်။

`ဟေ့၊ ငါတို့ စစ်တပ်မှ စစ်တပ်ဟေ့၊ တခြားလူတွေ၊ အဖွဲ့တွေက ငါတို့စစ်တပ် အုပ်ချုပ်နေတာလောက် တိုင်းပြည်ကောင်းအောင် ဘယ်လိုမှ လုပ်နိုင်မှာမဟုတ်ဘူး၊ ဒီတော့ ငါတို့ကို ဆန့်ကျင်တာနဲ့ ဆန့်ကျင်တဲ့ကောင်တွေ မှန်သမျှ အသေသာ မှတ်ပေတော့´ ဆိုတဲ့ စစ်သားဟာ ကျနော်တို့ပြည်သူတွေအတွက် ထာဝရ ရန်သူ ဖြစ်နေပါလိမ့်မယ်။ အဲဒီစိတ်ထားမျိုးနဲ့ စစ်ခေါင်းဆောင်ကတော့ အကြီးဆုံး ရန်သူပေါ့။

***

တကယ်တော့...။

အမြင်မတူရင်နေပါစေ။ အတွေးမတူရင်နေပါစေ။

ကျနော်တို့တကယ်လိုအပ်နေတာ ပြိုင်ဘက်ကောင်းတွေပါ။ ရန်သူ မဟုတ်ပါဘူး။

***

ကလိုစေးထူး

Thursday, July 23, 2009

စိတ်ညစ်နေလား... (၁၀) (America's got talent)

`စိတ်ညစ်နေလား´ ဆိုတဲ့ ပို့စ်တွေကို မတင်ဖြစ်ခဲ့တာ တော်တော်ကို ကြာခဲ့ပါပြီ။

ဒီပို့စ်တွေကို တင်ဖို့ စိတ်ကူးရတာကတော့ မနှစ်တုန်းက တရက်မှာ ကျနော် စိတ်ညစ်ညစ်နဲ့ တီဗွီရှေ့ ထိုင်မိရင်း အမှတ်မထင် ကြည့်ခဲ့ရတဲ့ America's got talent အစီအစဉ်ကြောင့် စိတ်ညစ်တာတွေ အနည်းအကျဉ်းတော့ ဖြေလျော့သွားခဲ့ဖူးတယ်။ အဲဒီလိုပဲ တခြားသော ကျနော့်မိတ်ဆွေ ဘလော့ဂ်ရေးဖော်၊ ဖတ်ဘက်တွေမှာလဲ စိတ်ညစ်စရာလေးတွေ အကြောင်းအမျိုးမျိုးကြောင့် ရှိခိုက်မှာ ဒီအစဉ်အစဉ်လေးတွေထဲက ကောင်းနိုးရာရာလေးတွေကို သရုပ်ဖော်စာလေးတွေနဲ့ တင်လိုက်ရရင် ကျနော့်လိုပဲ စိတ်ညစ်ပြေသွားမလား ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တင်ဖြစ်ခဲ့တာပါ။

***

America's got talent အစီအစဉ်တွေရဲ့ Auditions တွေက ဒီမှာ လွှင့်ပြနေတာ တလကျော်လောက်တောင် ရှိပြီမို့ နောက်အပတ်တွေကျရင် လူအယောက် ၄၀ ကို စိစစ်ထုတ်မယ့် Lavegas အစီအစဉ်တောင် လာပါတော့မယ်။ အဲဒီ Auditions တွေ အားလုံးထဲကမှ Talents ရော၊ Emotional အနေနဲ့ရော ဆွဲဆောင်မှု အဖြစ်ဆုံး ပရိသတ် အကြိုက်ဖြစ်ခဲ့တဲ့ ယှဉ်ပြိုင်မှုတွေကတော့...



America's got talent ရဲ့ အစပိုင်း Auditions တွေဟာ ပျင်းရိငြီးငွေ့ဖွယ် ကောင်းခဲ့ပါတယ်။ တရက်လုံးလုံးမှာ တယောက်မှတောင် နောက်တဆင့်ကို တက်ရောက်ဖို့ အဆင့်မမီတဲ့ နေ့ရှိခဲ့တဲ့အတွက် ဒိုင်တယောက်ဖြစ်တဲ့ ဒေးဗစ်က `ကျနော့်ဘ၀ရဲ့ အဆိုးဆုံးနေ့ပဲ´ လို့တောင် ပြောဖြစ်ခဲ့တာပါ။ အဲဒီလို စိတ်ပျက်မှုတွေနဲ့ ညည်းတွားစပြုလာတဲ့ ပွဲစီစဉ်သူတွေနဲ့ ဒိုင်တွေကို ဒီညီအမသုံးယောက်ရဲ့ ရိုးရှင်းတဲ့ ဖျော်ဖြေဟန်က ပြိုင်ပွဲကို ပြန်လည်မြိုင်ဆိုင်စေခဲ့ပါတယ်။ မှတ်မှတ်ရရ ဖြစ်စရာကတော့ မိုက်ကယ်ဂျက်ဆင်ရဲ့ ငယ်စဉ်ဘ၀က သီချင်းဖြစ်တဲ့ I want you back သီချင်းနဲ့ သူတို့ရဲ့ ယှဉ်ပြိုင်မှု အစီအစဉ် ထုတ်လွှင့်ပြီး နောက်နေ့မှာပဲ မိုက်ကယ်ဂျက်ဆင် ကွယ်လွန်သွားခဲ့တဲ့ တိုက်ဆိုင်မှုပါပဲ။



ဒီအဖွဲ့ရဲ့ ပြိုင်ပွဲဝင်မှုကို မကြည့်ရခင်မှာ တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျနော်တို့မြို့နားက Summer fast မှာ မြို့ခံဘက်စ်ကက်ဘော အသင်းရဲ့ Acrodunk ဖျော်ဖြေမှုကို ကြည့်ဖြစ်ခဲ့ပါသေးတယ်။ ဒါပေမယ့် အခုပြိုင်ပွဲ ၀င်သွားတဲ့ အဖွဲ့ကတော့ ကျနော်ကြည့်ခဲ့ရတဲ့ အဖွဲ့ထက် ပိုမိုသာလွန်သလို လုံးဝလဲ အမှားအယွင်းနည်းပြီး ဆွဲဆောင်နိုင်ပါတယ်။



ဒီနှစ်မှာ အာရှနွယ်ဖွား အမေရိကန်တွေလဲ နောက်တဆင့်ကို အတော်များများ တက်ရောက်သွားနိုင်တဲ့ အထဲက ဘောလီးဝုဒ်ရုပ်ရှင်တွေထဲက ကဟန်အတိုင်း မြူးမြူးကြွကြွ ကပြယှဉ်ပြိုင်သွားတဲ့ ဒီအကအဖွဲ့ကိုလဲ နှစ်သက်မိပါတယ်။

***

ပြိုင်ပွဲမှာ ယှဉ်ပြိုင်သွားကြတာတွေကတော့ အမျိုးအစား စုံလင်လှသလို စိတ်လှုပ်ရှားမှုလဲ ပေးနိုင်ပါတယ်။ စိတ်ခံစားချက်ကို ထိရှစေနိုင်တဲ့ ပြိုင်ပွဲဝင်တွေ၊ အားလုံးရင်သပ်ရှုမောလောက်တဲ့ အသံပိုင်ရှင် အဆိုတော်တွေ၊ ပျော်ရွှင်စရာ ဆွဲဆောင်မှုတွေနဲ့ မျက်လှည့်ဆရာတွေရဲ့ ပြိုင်ပွဲဝင်ဟန်တွေကိုတော့ ကွန်နက်ရှင် နှေးနေမှာကို ကာကွယ်တဲ့ အနေနဲ့ အောက်ဖော်ပြပါ လင့်ခ်တွေ အတိုင်းပဲ ကောင်းနိုးရာရာ ရွေးချယ် တင်ပြလိုက်ပါတယ်။

(၁)
  • ကြက်ဖမ်းသမားရဲ့ အနုပညာ

  • (၂)
  • အသက် ၆၂ နှစ်အရွယ် အမျိုးသမီးရဲ့ အံ့ဖွယ်အက

  • (၃)
  • ဂျေမက်တီယိုလီ ရဲ့ မျက်လှည့်

  • (၄)
  • အာရှသူလေး သီယာရဲ့ အော်ပရာသီချင်း ဆိုဟန်

  • (၅)
  • စကား လုပြောတတ်တဲ့ ပိုလန်သူသုံးယောက်

  • (၆)
  • အရပ်ခြောက်ပေကျော်သူ ထူးခြားတဲ့အကရှင်

  • (၇)
  • ဝေဒနာသည် အမေ့အတွက်သီချင်းဆိုတဲ့ မောင်နှမသုံးယောက်
  • (စိတ်မခိုင်သူတွေကို မျက်ရည်ကျစေပါလိမ့်မယ်)

    (၈)
  • အလုပ်နှစ်ခု လုပ်ပြီးကြိုးစားနေတဲ့ လူငယ်လေးရဲ့ ဘရိတ်ဒန့်စ်

  • (၉)
  • အဖွဲ့နာမည် မရှိတဲ့ သူငယ်ချင်းနှစ်ယောက်

  • (၁၀)
  • အမေရိကန်သူ စောင်းပညာရှင်

  • (၁၁)
  • သူ့အဆိုကလဲ မခေဘူး

  • (၁၂)
  • မိဘတွေအတွက် အိမ်ဝယ်ပေးချင်တဲ့ ၈ နှစ် သမီးငယ်

  • (၁၃)
  • Beale Street Flippers အဖွဲ့


  • Auditions တွေ အားလုံးကို ပို့စ်တခုထဲမှာ တင်တာဆိုတော့ တချို့ကောင်းတာလေးတွေလဲ ကျန်ကောင်း ကျန်သွားနိုင်ပါသေးတယ်။ ဒါပေမယ့် ကျနော် ကြည့်မိသမျှ လက်လှမ်းမီမိသမျှကတော့ အထက်မှာ တင်ထားတဲ့ လင့်ခ်တွေထဲက ယှဉ်ပြိုင်မှုတွေက အကောင်းဆုံးတွေထဲမှာ ပါတယ်လို့ ပြောလို့ရနိုင်တာတွေပါပဲ။

    တကယ်လို့များ လင့်ခ်အကုန်လုံးကို အချိန်ပေးပြီး ကြည့်ဖြစ်တယ်ဆိုရင်တော့ အပျင်းပြေသဘောပဲဖြစ်ဖြစ် ဘယ်သူကတော့ နောက်ဆုံးအဆင့်မှာ အနိုင်ရပြီး အမေရိကန်ဒေါ်လာ တသန်းဆုကို ရသွားနိုင်မလဲဆိုတာ ထင်မြင်ချက်ပေးစေချင်ပါသေးတယ်။ :)

    ***

    ပို့စ်လက်စသတ်ခါနီးမှ လေကျောလဲ နည်းနည်းလောက်တော့ ရှည်ချင်မိတယ်။ ကျနော် အဲဒီ TV Show ကို ကြည့်ရင်းနဲ့ စိတ်ကူး တခုရမိတာပါ။ သြော်...၊ ကျနော်တို့ မြန်မာပြည်မှာလဲ Myanmar got talent ဆိုတဲ့ ပြိုင်ပွဲလေး ဘာလေး ရှိရင် ဘယ်လောက်များ လူတော်တွေ ထွက်လာမလဲ မသိဘူး။

    ဒါပေမယ့်...။

    အဲဒီကနေ ဆက်ပြီး ဆွဲဆန့်တွေးမိလိုက်တော့ `ဆိုကြမယ်၊ ပျော်ကြမယ်´ ဆိုတဲ့ အစီအစဉ်က (မဆီမဆိုင် ဖြစ်နေမလားတော့မသိ) မျက်စိထဲ ပြေးမြင်လာတယ်။

    အင်း...၊ နောက်ဆုံးတော့ ဟိုဘူတာပဲ သွားဆိုက်မှာမို့ ဆက်မတွေးတော့ပါဘူးလေ။

    အားလုံး ပျော်ရွှင်အဆင်ပြေကြပါစေဗျာ။

    ***

    ကလိုစေးထူး

    Wednesday, July 22, 2009

    ဒုတိယမြောက် သဲထိတ်ရင်ဖို...

    ကျုပ်ကို စင်ပေါ် `ဂွပ်´ ခနဲ မြည်အောင် တင်လိုက်တဲ့ သခင့်ပုံစံက နွမ်းလျနေတဲ့ဟန် အတိုင်းသား ပေါ်လွင်နေတယ်။ အင်း...၊ ဒီနေရာလေးမှာ ဆူညံနေကျ ထုသံနှက်သံတွေရယ်၊ ကျုပ်ရဲ့ သခင်နဲ့ သူ့သူငယ်ချင်းတွေရဲ့ တချက်တချက် အော်ဟစ် နောက်ပြောင်သံတွေရယ်၊ ဖော့ကလစ်ကားသံ တ၀ူးဝူးရယ်ကတော့ ရက်အတန်ကြာအောင် တိတ်ဆိတ်နေဦးတော့မှာပေါ့။ ခဏနေတော့ သခင်က ဘာစိတ်ကူးပေါက်တယ် မသိဘူး။ ကျုပ်ဘက်ကို လှည့်ကြည့်ပြီး ခပ်ဖျော့ဖျော့ စကားသံနဲ့ အရွှမ်းဖောက်လိုက်တဲ့ စကားကို ဘေးနားမှာ ရှိနေကြတဲ့ လူတွေက အားရပါးရ ရယ်မောကြပါလေရာ...။

    `တူ လေးရေ၊ မင်းကတော့ ခဏအနားရဦးမှာမို့ ပျော်ချင်ပျော်နေမှာပေါ့၊ နေနှင့်ဦးပေါ့ကွာ၊ ပြန်လာမှ တရစပ်ကို ထုပစ်ဦးမယ်ကွ´

    တကယ်တော့ ကျုပ်လဲ မပျော်ပါဘူး သခင်ရာ...။ ထုနှက်ဖို့ တာဝန်ကို ယူထားရတဲ့ တူတလက်အဖို့ စင်ပေါ်မှာ ငေါင်းစင်းစင်းနဲ့ နေရမယ်ဆိုတာက တာဝန်ကျေတဲ့ တူတလက်ဖြစ်လာစရာ အကြောင်းမှ မရှိတော့ ဘယ်လိုလုပ်များ ပျော်နိုင်မှာတုန်း။

    ***



    သခင်နဲ့ ကျုပ်နဲ့ စတွေ့တုန်းကတော့ သခင့်ပုံစံ ဗလံလေးကို ကြည့်ပြီး ကျုပ်က မဲ့ပြုံးတောင် ပြုံးမိသေးတယ်။ ကြည့်လေ၊ လက်မောင်းက ပိန်ပိန်၊ လမ်းလျှောက်လိုက်ရင် ကားကားကားကား နဲ့ ဟိုအရင် ဒီမှာအလုပ်လုပ်နေကျ မက္ကဆီကန် ဗလကြီးလို လုပ်နိုင်ပါ့မလားလို့ ထင်ချင်စရာ။

    သခင့်ရဲ့ အလုပ်ရှင်က အလုပ်အကြောင်းတွေ ရှင်းပြတော့ သခင်က သူလုပ်ရမယ့် အလုပ်စားပွဲ ခပ်ညစ်ညစ်ပေါ်က တူအသစ်စက်စက်လေး ကျုပ်ကို ငဲ့စောင်းကြည့်နေတာ ခဏခဏပဲ။ ကျုပ်လဲ ကျုပ်ရဲ့ သခင်အသစ်စက်စက်လေးကို စိတ်ထဲကနေ အားပေးလိုက်ပါတယ်။

    `သခင်ရေ...၊ တနာရီကို ၅၅ ခု နှုန်းတဲ့နော၊ အလုပ်ဟူသမျှ ဂုဏ်ရှိစွဆိုပဲ၊ ကြိုးစားထား´

    ***


    Electrical Ballast လို့ခေါ်တဲ့ လေးထောင့်တုံးပုံစံ လျှပ်စစ်အုံ အဟောင်းတွေကို သခင်က ကျုပ်ကို အသုံးပြုပြီး သံပြားခပ်ထူထူကို ပေ အဖြစ် အသုံးချလို့ ထုနှက်ရတယ်။ အဲဒီ အုံအဟောင်းထဲက ထွက်လာတဲ့ ကွိုင်ထုပ်တွေက သပ်သပ်၊ ငွေရောင် သတ္တုလေးတွေက သပ်သပ် ခွဲထုတ်ရတာ သခင်လုပ်ရတဲ့ နေ့စဉ်အလုပ်ပေါ့။

    ဒီအလုပ်ဟာ သခင့်အတွက်တော့ အစပိုင်းရက်တွေမှာ အတော်လေးကို ပင်ပန်းစေပါတယ်။ ညနေစောင်းတွေ ရောက်လာပြီဆိုရင် ကျုပ်ကို စားပွဲထောင့်စွန်းပေါ် မောဟိုက်ဟိုက်နဲ့ ပစ်တင်ပြီး ပြန်သွားလေ့ရှိတဲ့ သခင့်ကို ကျုပ်လဲ ကရုဏာသက်မိပါရဲ့။ ဒါပေမယ့် အလုပ်ဟာ အလုပ်ပဲ မဟုတ်လား သခင်ရယ်၊ ဒီလိုပဲ ထုရင်းနှက်ရင်းနဲ့ သခင် အလုပ်လုပ်နေတဲ့ အလုပ်ရုံလေးမှာ တူရိုက်သံ ဆူညံညံနဲ့ မက္ကဆီကန် တေးသွား ရေဒီယို အသံက ရောလို့ ထွေးလို့။

    `ဘယ်လိုလဲကွ၊ မင်းပြုံးနိုင်သေးရဲ့လား´

    သခင့် အလုပ်ရှင်က သူ့အလုပ်သမားသစ်ရဲ့ အလုပ်ဆင်းတဲ့ လေးရက်မြောက် နေ့မှာ လှမ်းမေးလိုက်တယ်။

    `ပြုံးပါတယ်။ ကျနော်က ပြုံးရတာကို ကြိုက်တယ်´ လို့ ရယ်ရယ်မောမောနဲ့ ပြန်ဖြေလိုက်တဲ့ သခင် တကယ်တော့ ညနေဘက်တွေမှာ ခြေပစ်လက်ပစ်နဲ့ မောပန်းလွန်းခဲ့တာကို ကျုပ်က အသိဆုံးပါ။ ဒါပေမယ့်လေ၊ သခင်က အမြဲလိုလို ပြုံးနေတတ်တဲ့ လူမျိုးတွေနေတဲ့ တိုင်းပြည်က လာတာမဟုတ်လား။

    ***

    `အိုးး၊ မင်းရဲ့ ပထမအပတ်မှာတင် Credit 5 hours ရနေပါလားကွ၊ Great!´

    Ballast အဟောင်းတွေက ထွက်တဲ့ အမှုန်တွေရဲ့ အရောင်ကြောင့် ၀ါကျင့်ကျင့်ဖြစ်နေတဲ့ မျက်နှာနဲ့ သခင်က အလုပ်ရှင်ကို ကျေးဇူးပဲလို့ ပြောပြီး အားရပါးရပြုံးလိုက်တယ်။

    နောက်ပိုင်းရက်တွေမှာတော့ သခင့်ဆီကနေ မနက်ဆိုရင် ကျုပ်ကို ကြောက်လန့်တဲ့ ဟန်နဲ့ ကြည့်တတ်တဲ့ အကြည့်မျိုးတွေ၊ ညနေပိုင်းတွေကျရင် စားပွဲစွန်းဆီကို မောပန်းစိတ်ပျက်ပြီး ပစ်တင်လိုက်တာမျိုးတွေ မရှိတော့ဘူး။ အ၀တ်လက်အိတ် ခပ်ထူထူကို ၀တ်ပြီး ကျုပ်ကို သခင်က မယူလိုက်ပြီ ဆိုတာနဲ့ ကျုပ်ကလဲ သခင့်အလိုကျ တဒုန်းဒုန်းမြည်အောင် Ballast တွေကို တခုပြီးတခု ဖြိုခွဲပစ်တော့တာပဲ။

    နှစ်ပတ်သုံးပတ်လောက်လဲ ဒီအလုပ်မှာ လုပ်ပြီးရော သခင့်ထက် အရင် လုပ်နှင့်နေတဲ့ မက္ကဆီကန်ပုဂ္ဂိုလ်က လှမ်းပြောယူရတယ်။

    `ဘယ်လိုလဲကွ၊ တနာရီကို ၅၅ ခုက အခုတော့လဲ အသာလေးပြီးနေပါလားကွ၊ မင်း အခု တနာရီကို အခု ၉၀ နှုန်းလောက် ပြီးနေပါလား´

    ***

    `ကျနော်က Physical job တွေနဲ့ ပိုပြီး အကျိုးပေးနေတယ်လေ၊ အမေရိကားရောက် ကာယလုပ်သားကြီးပေါ့ဗျာ...၊ အဟဲ´

    အလုပ်နားခိုက်မှာ သခင့်ဖုန်းပြောသံကို ကြားလိုက်ရတော့ ကျုပ်လဲ သခင့်အတွက် စိတ်မကောင်းဘူး။ လက်တွေ ညောင်းကိုက်ပြီး နာကျင်နေအောင် အားစိုက်လုပ်ရတဲ့ ဒီလိုအလုပ်မျိုးကို အားတင်းထားကာမှသာ တင်းရော၊ ဘယ်သူကများ လုပ်ချင်မတဲ့လဲလေ။ ဒါပေမယ့် ဘာများ တတ်နိုင်မှာ မို့လို့လဲ။ ရရာအလုပ် ၀င်လုပ်ရမယ့် အခြေအနေမှာ အရိုးများတယ် ချေးခါးတယ်လို့ ဘယ်သူကရော ရွေးချယ်ခွင့် ရှိမှာမို့လို့လဲ။

    သခင်ရယ်၊ လစာ ကောင်းကောင်း ပေးတယ် ဆိုတာလေးနဲ့ ဖြေတွေးလိုက်ပါ လို့ပဲ သူ မကြားနိုင်ပေမယ့် လှမ်းပြောလိုက်မိတယ်။

    ***

    အခုတော့...၊ အရင်အလုပ်မှာ အဆင်မချောခဲ့လို့ ဒီအလုပ်ကို ရောက်လာတဲ့ သခင့်အတွက် ခက်ခဲဦးမယ့် နိမိတ်ပဲလား မသိပါဘူး။ အလုပ်တွေ ပါးဦးမယ်တဲ့။ အလုပ်ထဲမှာ နေသားကျမယ်တောင် မကြံသေးဘူး။ Laid off နံ့ ရလာတဲ့ အရိပ်အယောင်ကြောင့် သခင့်မျက်နှာပေါ်မှာ စိုးရိမ်ဟန်က အထင်းသား...။

    `မင်းမှာ Credit hours တွေ နာရီ သုံးဆယ်နီးပါးတောင် ရှိနေမှပဲ၊ ပိုက်ဆံရနေဦးမှာပါကွ၊ မပူပါနဲ့၊ အော်ဒါတွေလဲ ထပ်လာမှာပါ´

    သခင့်အလုပ်ရှင်ရဲ့ စကားက ဘယ်လောက်ထိ ခိုင်မာမလဲဆိုတာတော့ သူကိုယ်တိုင်ပဲ ပိုသိမယ်ထင်တယ်။

    ***

    အခုတော့ အလုပ်ရုံထဲမှာ သခင်လဲ မရှိတော့ပါဘူး။ သူ့သူငယ်ချင်း မက္ကဆီကန်တွေလဲ မရှိတော့ပါဘူး။ အခန်းတံခါးတွေ အကုန်လုံးကို ပိတ်ပြီး အိမ်ပြန်သွားကြတာ ဆိုတော့ အလုပ်ရုံထဲမှာလဲ မှောင်လို့ မည်းလို့၊ တိတ်ဆိတ်လို့။ တူဖြစ်တဲ့ ကျုပ်လဲ ငေါင်းစင်းစင်း၊ ပေဖြစ်တဲ့ ဟိုငမောင် သံပြားလဲ ပေကုပ်ကုပ်။

    ကျုပ် မပျော်ဘူးဗျ။ မနက်ဖြန်ကျရင် အလုပ်က ရှိဦးမှာလား၊ မရှိဘူးလား မသေချာတဲ့ အခြေအနေမှာ ဘယ်လိုလုပ် ပျော်စရာကောင်းမှာလဲ။ အလုပ်ရုံဆိုတာ အလုပ်လုပ်ဖို့ ဖွင့်ထားတဲ့ရုံ မဟုတ်လား။ ပိတ်ထားတဲ့ အလုပ်ရုံထဲမှာ တူဖြစ်တဲ့ ကျုပ်ကနေ အစပြုလို့ ဘယ်အရာတွေကမှ ဘယ်သူ့ကိုမှ အကျိုးပြုနိုင်မှာမှ မဟုတ်တာ...။

    ***

    ကလိုစေးထူး

    (ဓာတ်ပုံကိုတော့ ၀ီကီကနေ ဘယ်သူ့ဆီမှ ခွင့်မတောင်းဘဲ ယူသုံးလိုက်တယ်) :D

    Friday, July 17, 2009

    အိပ်မက်ထဲက နိုင်ငံရေး...

    ကလိုစေးထူးတယောက် ကွန်ပျူတာရှေ့မှာ ငူငူကြီး ထိုင်နေတာ တော်တော်ကြာပြီ။

    အကာလ လောကတခွင်လုံး တိတ်ဆိတ်လို့...၊ အသံဆိုလို့ တချက်ချက်နဲ့ မြည်နေတဲ့ တိုင်ကပ်နာရီသံရယ်၊ ကီးဘုတ်အဟောင်းကို တဘောက်ဘောက်နဲ့ ရိုက်လိုက်၊ စိတ်တိုင်းမကျလို့ တဘောင်းဘောင်းနဲ့ ပြန်ဖျက်လိုက်သံတွေသာ မှန်မှန်ထွက်ပေါ်နေလေ၏။

    ***

    `ဘာလုပ်နေတာတုန်းကွ´

    နောက်ကျောဆီကနေ အသံတသံ ရုတ်တရက်ထွက်လာလို့ ဖြတ်ခနဲ လှည့်ကြည့်တော့ လူတယောက်။ ဘယ်ကတည်းက အခန်းထဲ ရောက်နေသလဲတော့ မသိ...။ သူ့ဘာသာသူ မေးပြီး ဘာမှပြန်မဖြေရသေးခင်မှာပဲ ပိုင်စိုးပိုင်နင်းဖြင့်ပင် ကွန်ပျုတာဘေးက ဆိုဖာအစုတ်တလုံးပေါ် အခန့်သား ၀င်ထိုင်နေ၏။

    `လာလေကွာ၊ မင်းစာရေးလို့ မရဘူး ဖြစ်နေတယ် မှတ်လားကွ´

    စောစောကလူက သူ့ကို ခေါ်တော့ ယောင်နနဖြင့်ပင် ကွန်ပျူတာရှေ့ကနေ ခွာပြီး အဲဒီလူနဲ့ မျက်နှာခြင်းဆိုင် ခုံမှာဝင်ထိုင်မိသည်။

    `ကဲ...၊ ပြော၊ မင်း ဘာရေးချင်နေတာလဲ´
    `ဒီလိုပါပဲဗျာ´
    `ဟ၊ ကိုယ်ရေးမှာတောင် ကိုယ်မသိဘူးလားကွ´
    `... ... ...´
    `ကဗျာရေးမလား´
    `မရေးတတ်ဘူးဗျ´
    `ဒါဆို ၀တ္ထုတိုကွာ´
    `လာဖတ်တဲ့လူတွေ အီနေလောက်ပြီ၊ အားအားရှိ ၀တ္ထုတိုတွေချည်း ရေးနေရတယ်´
    `အတွေ့အကြုံတွေ အကြောင်းကွာ´
    `ရေးစရာ ဘာရှိတာမှတ်လို့၊ ရှိတာလေးတွေ ထုတ်ရေးတာလဲ ဖွတ်ဖွတ်ညက်ညက် ကြေနေပြီ´
    `အင်း၊ မင်းကို ပြောရတာနဲ့ ငါပါ ခေါင်းခြောက်လာပြီ´

    ပုဂ္ဂိုလ်က သူပြန်ဖြေတာတွေကို နားထောင်ပြီး တကယ်ပဲ ခေါင်းခြောက်သွားသလားတော့ မသိ၊ ခဏတော့ တိတ်သွားသည်။ သူလဲ ခပ်မဆိတ်။

    ***

    `ဟာ...၊ ဟေ့ ငါ သတိရပြီ´
    `အင်း၊ ပြောပါဦး´
    `နိုင်ငံရေး အကြောင်း ရေးပေါ့ကွ´
    `ဗျာ´
    `မဗျာနဲ့လေ၊ မင်း အရင်ကဆို ဒါတွေ တော်တော်ရေးတာပဲဟာ၊ ငါ အခုမှ သတိရတယ်၊ မင်း နိုင်ငံရေးအကြောင်း မရေးတာ ကြာပြီ၊ ရေးပေါ့ကွ´
    `ဘယ်အကြောင်းကို ရေးရမှာလဲ´
    `ဟ...၊ ညံ့လိုက်တဲ့အကောင်၊ ရှော်လိုက်တဲ့ အကောင်၊ ဒီလောက်ထိ မြန်မာပြည်အရေး အုတ်အော်သောင်းနင်း ဖြစ်နေတာကို ဘယ်အကြောင်းကို ရေးရမှာလဲ ဆိုပဲ´
    `ရေးဆိုလဲ ရေးတာပေါ့ဗျာ၊ ဒါဆို မရေးခင်မှာ ကျနော်တို့ အခု အရင် နှစ်ယောက်ထဲ ဆွေးနွေးကြည့်မယ်လေ´
    `အေး၊ ကောင်းသားပဲကွ၊ မင်း ဘာအကြောင်း ဆွေးနွေးချင်သလဲ၊ ပြောကွာ´
    `တလောက မြန်မာပြည်ကို လာသွားတဲ့ ဘန်ကီမွန်း ခရီးစဉ်အကြောင်းဗျာ´
    `ဟုတ်ပြီ´
    `သူ့ခရီးစဉ် မအောင်မြင်ဘူးလို့ လူတွေပြောနေကြတယ်ဗျာ´
    `အေးလေ၊ ဟုတ်တာပဲဟာ၊ အလကားပါကွာ၊ ဟိုက လူလည်ကျလိုက်တာကို အသာလေးငြိမ်ခံပြီး ပြန်လာတယ်၊ ဘာများ အကျိုးအမြတ်ရှိလို့တုန်း´
    `အဲဒီလိုချည်းပဲ တရားသေ ပြောလို့မရဘူး ထင်တယ်နော်´

    စကားစ ရသွားလို့ထင့်၊ သူနဲ့ ပုဂ္ဂိုလ်နဲ့ စကားအရှိန်ကောင်းစ ပြုလာသည်။

    ***

    `ကဲ၊ ဒါဖြင့် မင်းက ဘယ်လိုထင်တုန်းကွာ´
    `သြော်၊ မြန်မာပြည်ရဲ့ ပြည်တွင်းရေးကို ကုလသမဂ္ဂရဲ့ အတွင်းရေးမှူးချုပ်တယောက် ကိုယ်တိုင်က အာရုံစိုက်နေတယ်၊ အဲဒီကမှ တဆင့် သက်ရောက်မှုတွေလဲ အနည်းနဲ့အများတော့ ရှိလာမှာပဲ ထင်တာပဲလေ´
    `အမလေးကွာ၊ ဘာများရှိလာမှာလဲ၊ ဟိုတခါ လေဘေးသင့်တုန်းကလဲ လာတာပဲ၊ ဒီလိုပဲ ဟိုကောင်ကြီးတွေ လိုက်ပြတာကိုပဲ သွားဖြီးကြီးနဲ့ လိုက်ကြည့်ပြီးတော့ မြန်းမိစ်ပီးပဲ၊ မြန်းမိစ်ပီးပဲတွေ ထပ်နေအောင် ပြောပြီး ပြန်သွားတာပဲ မဟုတ်လား´
    `ကျနော်တို့ နေရာတိုင်းကို Negative အမြင်နဲ့ချည်း ကြည့်လို့တော့ မဖြစ်သေးဘူး ထင်တယ်နော်´
    `အေးပေါ့၊ မင်းက ပျော့စိစိအတွေးနဲ့ပဲ တွေးတဲ့ အကောင်ကိုး´
    `အမ်၊ ဟေ့လူ၊ ခင်ဗျားဟာက ကျုပ်ကို ဘလိုင်းကြီး ပုဂ္ဂိုလ်ရေးကို ဖဲ့နေသလိုပါလား´
    `ဟေ့၊ လွတ်လပ်စွာ ဝေဖန်ခွင့် ရှိလို့ ပြောတာကွ၊ မင်းဟာလေ၊ ပျော့အိပျော့ညက်နဲ့ မြည်းတကောင်လို အတွေးအခေါ်မျိုးတွေပဲ ရှိနေပုံရတယ်´
    `ဟာ´
    `နေစမ်းပါဦး၊ မင်းက ဘန်ကီမွန်းခရီးစဉ်တွေ ဘာတွေတောင် ဆွေးနွေးရအောင် ဘာကောင်မို့တုန်း´
    `ဟေ့လူကြီး၊ စိတ်ထိန်းပါဗျာ၊ ခင်ဗျားဟာက ခေါင်းစဉ်ချော်သွားပြီဗျ´
    `ဒီမယ်ဟေ့ကောင်၊ ငါဆိုတဲ့အကောင်က အတွေ့အကြုံတွေ အများကြီးကို ဖြတ်သန်းလာတဲ့အကောင်ကွ၊ မင်းတို့ တွေးတယ်ဆိုတာထက် အများကြီး အရှေ့ကို ကြိုမြင်ပြီးသားကွ´
    `ဘန်ကီမွန်း...မွန်း´
    `မင်းက မနေ့တနေ့ကမှ ဘလော့ဂ်လေးလုပ်၊ ဟိုဟာလေးရေးလိုက်၊ ဒီဟာလေး ရေးလိုက်၊ အားနာနာနဲ့ လာဖတ်တဲ့လူတွေရှိနေတာကို မင်းကိုယ်မင်း အဟုတ်ထင်နေတာကိုးကွ´
    `ဟိုလေ...၊ ဘန်ကီမွန်းလေ´
    `တော်စမ်းကွာ´
    `သူ့ခရီးစဉ်အကြောင်းကို ကျနော်တို့ဆွေးနွေးနေတာလေဗျာ´
    `ဘာကို ဆွေးနွေးရမှာလဲ၊ မင်းလိုကောင်ဆီက ဘယ်လိုအသုံးကျတဲ့ အမြင်တွေများ ထွက်လာမှာမို့လဲ´
    `ဟာ...၊ ခင်ဗျားဟာက မဟုတ်တော့ဘူး´
    `အလကားကောင်၊ ဖွတ်ကျားကောင်´
    !@#$$%^&
    %^&$#@!
    !@#$&^%

    ပြောရင်းပြောရင်းနဲ့ ပုဂ္ဂိုလ်က တော်တော်ကြီးကို ဒေါသတွေ ထွက်လာပုံပေါ်သည်။ သူ့ကို အားရပါးရကို ဆဲတော့သည်။ ဘယ်လိုပါလိမ့်၊ အမြင်လေး မတူတာနဲ့ပဲ ဒီလောက်တောင် ဆဲရတယ်လို့...။ ခဏကြာတော့...။

    `အေး၊ မင်းကျပ်ကျပ်သတိထား၊ ဘလော့ဂ်ရေးရဲ ရေးကြည့်၊ ငါ့အကြောင်း ကောင်းကောင်းသိမယ်´

    `ဗုဒ္ဓေါ´၊ စောစောကတော့ သူပဲ စာမရေးရကောင်းလားဆိုပြီး ဟိုဟာရေးပါလား၊ ဒီဟာရေးပါလား ပြောနေသူက... အခုတော့ ဒေါသတွေ တော်တော်ကြီးနေပါလား။ စိတ်ထဲမှာ ညစ်ညူးရှုပ်ထွေးလွန်းတာကြောင့် အားရပါးရ အော်ဟစ်ပစ်လိုက်မိတော့သည်။

    `သွားးးးးးးးးးးးးးးးးးးး´

    ***

    တစုံတယောက်က သူ့ကို ချုပ်ကိုင်ထားသလိုလို မွန်းမွန်းကျပ်ကျပ်ကြီး ဖြစ်ပြီး ဆတ်ခနဲလန့်သွားတော့မှ ကလိုစေးထူး တယောက် အသိစိတ်နဲ့ကိုယ် တသားတည်း ပြန်ဖြစ်သည်။ သြော်၊ စာရေးမယ် ကြံစည်ရင်းနဲ့ ဆိုဖာပေါ်မှာ အိပ်ပျော်သွားတာကိုး...။ အပြင်က အေးစိမ့်စိမ့် ရာသီဥတုမှာ တံခါးက မစေ့မိတာကြောင့် ဆောင်းတွင်းအိပ်မက် ကယောက်ကယက်လိုလို မက်နေတာလား မသိ။

    အင်း...၊ တရေးနိုးသော် အကြံပေါ်၊ စာရေးဦးမှပါလေ။

    နိုင်ငံရေး အကြောင်း ရေးရင် ကောင်းမလား မသိ။ ပြောသာပြောရတယ် အိပ်မက်ထဲက လူကြီးကိုတော့ ခပ်ကြောက်ကြောက်။

    ***

    ကလိုစေးထူး